Hatsune Miku သို့မဟုတ် အနာဂတ်ရဲ့ တေးသံရှင်


Hatsune Miku နှင့် Vocaloid နည်းပညာ မိတ်ဆက်

Crypton Future Media ရဲ့ ဂီတအနုပညာရှင်နှင့် ဝါသနာရှင်များအတွက် ဖန်တီးထားတဲ့ Vocaloid Singing Synthesizer Application တစ်ခုဖြစ်တဲ့ Hatsune Miku ဟာ August လ 31 ရက်နေ့မှာ 5 နှစ်ပြည့်တော့မှာ ဖြစ်ပါတယ်။ Hatsune Miku ရဲ့နာမည်ကို Japan စကားမှ တိုက်ရိုက်ဘာသာပြန်မယ်ဆိုရင် Hatsu (ပထမ)၊ Ne (တေးသံ) နှင့် Miku (အနာဂတ်) ဆိုပြီး အကျမ်းဖျဉ်းဘာသာပြန်လို့ရမှာပါ။ English လိုဆိုရင်တော့ “the first sound from the future” လို့ပြောလို့ရမှာပေါ့။ Hatsune Miku ဟာအသုံးပြုသူ user ကနေတဆင့် သီချင်းသီဆိုအောင် ဖန်တီးပေးရတဲ့ Vocaloid software တစ်ခုဖြစ်ပေမဲ့ Miku ရဲ့သီချင်းတွေကို နားထောင်ဖူးသော်လည်း သူမနှင့်သိပ်မရင်းနှီးသေးတဲ့ ပရိသတ်အများစုကတော့ Hatsune Miku ကို Japanese Animation (Anime) ဇာတ်လမ်းများထဲမှ ဇာတ်ကောင်တစ်ယောက် သို့မဟုတ် Video Game ဇာတ်ကောင်တစ်ယောက်အဖြစ် ထင်မှတ်ကြတာ များပါတယ်။ နောက်ခံအဆိုတော်တစ်ယောက်က သီဆိုထားပြီး အသံအထူးပြုလုပ်ချက်တွေနှင့် ပုံစံပြောင်းထားတယ်လို့ အထင်ခံရပေမဲ့ တကယ်တန်းကြတော့ Hatsune Miku အပါအဝင် Vocaloid character အားလုံးရဲ့အသံဟာ သူတို့ရဲ့ ကိုယ်ပိုင်အသံတွေ ဖြစ်ပါတယ်။ Software တစ်ခုချင်းဆီရဲ့ Voice bank တွေကိုတော့ အပြင်က အဆိုတော်သို့မဟုတ် အသံသရုပ်ဆောင်တွေက အသံ Sample များသွင်းပေးထားရပါတယ်။ Hatsune Miku ရဲ့ Voice sample ပိုင်ရှင်ကတော့ Working!! နှင့် YuruYuri တို့လို Anime Series တွေရဲ့ အသံသရုပ်ဆောင် (Seiyu) ဖြစ်တဲ့ Saki Fujita ဖြစ်ပါတယ်။ 

 

 
US Dollar 100 ကျော်တန်ဖိုးရှိတဲ့ Hatsune Miku Vocaloid software ကိုဝယ်ယူ အသုံးပြုသူတိုင်းဟာ Miku ကိုသီချင်း ဆိုခိုင်းနိုင်မှာဖြစ်ပြီး သီချင်းတစ်ပုဒ် ကောင်းမကောင်းကတော့ သီချင်းထုတ်လုပ်သူ Producer(P) တွေနှင့် ပိုသက်ဆိုင်သွားမှာပါ။ Hatsune Miku ရဲ့သီချင်းအများစုကို သူမကိုထုတ်လုပ်တဲ့ Cryton Future Media နဲ့ Vocaloid နည်းပညာကို တီထွင်ခဲ့တဲ့ Yamaha Corporation တို့ကပိုင်ဆိုင်တာ မဟုတ်ဘဲ Software ဝယ်ယူပြီး သီချင်းရေးသားတဲ့ ပရိသတ်တွေက ပိုင်ဆိုင်တာဖြစ်ပါတယ်။ Vocaloid သီချင်းအများစုကို nicovideo နှင့် youtube အစရှိတဲ့ online video streaming website တွေမှာ အခမဲ့ကြည့်ရှုနိုင်သလို၊ အပြည့်အဝ အားပေးချင်တယ် ဆိုရင်တော့ Amazon, KarenT နှင့် iTunes ကဲ့သို့ online store များတွင် သီချင်းတစ်ပုဒ်ချင်းသို့မဟုတ် Album လိုက် စိတ်ကြိုက်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ 

 
Hatsune Miku နှင့် သူမ၏ အောင်မြင်ကျော်ကြားမှု
အမြဲတမ်း အရပ် 5’ 2”၊ ကိုယ်အလေးချိန် 92.4 ပေါင် နှင့် အသက် 16 နှစ်အရွယ်မှာ ရှိနေမှာဖြစ်တဲ့ Hatsune Miku ကို Software ထွက်ထွက်ချင်း Japan ပရိသတ်နှင့် နိုင်ငံတကာ Vocaloid ပရိသတ်တွေက တခဲနက်အားပေးခဲ့ကြသလို fan art တွေ Cosplayer တွေကြောင့်လည်း Hatsune Miku ကိုနိုင်ငံတကာ ပရိသတ်က သတိထားမိလာကြပါတယ်။ ဒါပေမဲ့ Miku ကို Vocaloid လောကအပြင်ဘက်က Anime ပရိသတ်တွေ စတင်သတိထားမိတာကတော့ Ievan Polkka ဆိုတဲ့ Finland နိုင်ငံမှသီချင်း ကြောင့်ဖြစ်ပါတယ်။ Ievan Polkka သီချင်းနှင့် Bleach Anime Series ဒုတိယ episode အစောပိုင်းမှ Inoue Orihime တစ်ယောက် ကြက်သွန်မိတ် ကလေးကို လှည့်နေတဲ့ loop video တို့တွဲဆက်ထားတဲ့ video ဟာ ရယ်ရတဲ့အတွက် online video site တွေမှာခေတ်စား ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ Miku ရဲ့ပရိသတ်တွေက Ievan Polkka သီချင်းနှင့် Hatsune Miku ရဲ့ ပိစိကွေး  Chibi version ဖြစ်တဲ့ Hachune Miku တစ်ယောက် ကြက်သွန်မိတ် (Negi) ကိုလှည့်နေတဲ့ပုံကို ပေါင်းစပ်ပြီး ဟာသ MTV လေးတင်လိုက်တဲ့ အခါမှာတော့ ကြည့်ရှုသူ အရေအတွက် ၉ သန်းကျော်တဲ့ အထိအောင်မြင်ခဲ့ပါတယ်။ 


2009 ခုနှစ်မှာ Hatsune Miku အရုပ်သုံးရုပ်ပါတဲ့ ဒုံးပျံကို American နိုင်ငံ Nevada Black Rock Desert က လေထုအတွင်း လွှတ်တင်ခဲ့သလို၊2010 အတွင်းမှာ Venus ဂြိုဟ်ကို လေ့လာမည့် Hatsune Miku ပုံပါ Aluminium Plate ပါဝင်သော Akatsuki အမည်ရ အာကာသယဉ်ကို Japan Aerospace Exploration Agency က အာကာသတွင်းလွှင့်တင်ခဲ့ပါတယ်။ Good Smile Racing company က Super GT ကားပြိုင်ပွဲတွေမှာ Miku ပုံပါတဲ့ ပြိုင်ကားတွေကို အသုံးပြုခဲ့သလို 2011 မှာတော့ Toyota Corolla က Miku ကို ကြော်ငြာမော်ဒယ်အဖြစ် အသုံးပြုခဲ့ပါတယ်။ Google ရဲ့ Internet browser ဖြစ်တဲ့ Google Chrome ကြော်ငြာသီချင်းဖြစ်တဲ့ Hatsune Miku ရဲ့ Tell Your World သီချင်းဟာလည်း iTunes Store ရဲ့ အရောင်းရဆုံး သီချင်းအဖြစ် ရက်ပေါင်းများစွာ ရပ်တည်နိုင်ခဲ့ပါသေးတယ်။
  
Playboy Japan နှင့် Clash UK လို magazine တွေရဲ့အဖုံး မှာဖော်ပြခြင်းခံခဲ့ရတဲ့ Hatsune Miku ဟာ နိုင်ငံတကာမှာ ကျင်းပခဲ့တဲ့ သူမရဲ့ 3D Hologram ဖျော်ဖြေပွဲတွေကြောင့် Vocaloid Character တစ်ယောက် အဖြစ်ကနေ Virtual Idol တစ်ယောက်အဆင့်ကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။ Internet users များ စိတ်ကူးယဉ် မဲပေးလေ့ရှိတဲ့ "http://www.the-top-tens.com" ဆိုတဲ့ နာမည်ကြီး website ရဲ့ 2012 London Olympics မှာ ဘယ်အဆိုတော်တွေ သီဆိုသင့်လဲ ဆိုပြီး နိုင်ငံတကာမှ ပရိသတ်များကို မဲပေးစေခဲ့ရာမှာ Hatsune Miku  က Big Bang ၊ Super Junior ၊ Lady Gaga နှင့် Avril Lavigne လိုအနုပညာရှင်တွေကို ကျော်တက်ပြီး No.1 အဖြစ် ပရိသတ်ရဲ့ ရွေးချယ်ခြင်းခံခဲ့ရပါသေးတယ်။ မူလ Hatsune Miku Vocaloid Software ရဲ့ အောင်မြင်မှုကြောင့် 2010 April လအတွင်းမှာ Hatsune Miku Append ဆိုတဲ့ မူလ Software ထက် စွမ်းဆောင်ရည်မြင့်မားပြီး အသံစနစ်ရွေးချယ်စရာပိုများတဲ့ Version အသစ်ကို ဖြန့်ချီခဲ့ပါတယ်။       

 
Hatsune Miku နှင့် Vocaloid character များ၏ အားသာချက်၊ အားနည်းချက်

          Hatsune Miku အပါအဝင် Vocaloid character တွေမှာလည်း အပြင်က အနုပညာရှင်တွေလိုပဲ ကောင်းကွက်၊ ဆိုးကွက် အမြဲရှိနေမှာပါ။ အခုဆိုရင်Vocaloid character ပေါင်း ၅၀ ကျော်ရှိနေပြီ ဖြစ်သလို သီချင်းအသစ်တွေ ကလည်း နေ့တိုင်းရာနှင့်ချီထွက်နေတာဆိုတော့ နာမည်ကြီးပြီးသား သီချင်းတွေကလွဲလို့ သီချင်းအသစ် ထဲကကောင်းတာရှာရတာ အရင်ကထက် ပိုခက်လာပါတယ်။ Ryo ၊ Wowaka ၊ CosmoP ၊ Oda P နှင့် Junky ကဲ့သို့ နာမည်ကြီး Vocaloid Producer အများအပြားရှိပြီး အဆင့်မှီ Vocaloid သီချင်းတွေ ရွေးနားထောင်ခြင်ရင်တော့ Producer နာမည်နှင့်တွဲရှာတာ ပိုအဆင်ပြေမှာပါ။ အပတ်စဉ် Nico Nico Douga ကထုတ်ပြန်တဲ့ Vocaloid Ranking program ကိုကြည့်ပြီးတော့လည်း သီချင်းကောင်းတွေ ရွေးချယ်နားဆင်နိုင်ပါတယ်။ ပြီးတော့ သက်ရှိအနုပညာရှင်တွေလိုမျိုး Vocaloid တွေဆီက လက်မှတ်ရရှိခွင့်တွေ အပြင်မှာ တွေ့ဆုံခွင့်တွေ ရရှိနိုင်မှာ မဟုတ်ပါဘူး။


သက်ရှိအဆိုတော်တွေရဲ့ ဖျော်ဖြေပွဲတွေမှာ သီချင်းတူနေရင်တောင် တစ်ပွဲနှင့်တစ်ပွဲ လုံးဝကွဲပြားနေမှာ ဖြစ်ပေမဲ့ Los Angeles ၊ Tokyo နှင့် Singapore မှာလို ရုံပြည့်ရုံလျှံအားပေးခဲ့ကြတဲ့ Hatsune Miku ရဲ့ 3D Hologram ဖျော်ဖြေပွဲ တွေရဲ့ video အားလုံးကို ကြည့်ကြည့်မယ်ဆို အချို့ ဖျော်ဖြေမှုတွေက ဆင်တူနီးပါး ဖြစ်နေတာ တွေ့ရမှာပါ။ ဒါပေမဲ့ Miku concert တွေကို ကြည့်ရတာဟာ အခြား Live Show တွေအားလုံးနှင့် မတူညီဘဲ လုံးဝကွဲပြားတဲ့ အတွက် ပရိသတ်ကတော့ သဘောကျနေဦးမှာပါ။ ကောင်းကွက်တွေ အနေနှင့်ကတော့ Vocaloid character တွေမှာ သီချင်းဆိုခါနီး နေမကောင်းဖြစ်ခြင်း၊ မူးယစ်ဆေးစွဲခြင်း၊ နာမည်ကြီးလို့ ဘဝင်မြင့်သွားခြင်း၊ အဖွဲ့ဝင် အချင်းချင်းစိတ်ဝင်ကွဲခြင်း၊ အိမ်ထောင်ကျလို့ ပရိသတ်လျှော့နည်းသွားခြင်း ဒါမှမဟုတ် Scandal video များထွက်ပေါ်လာခြင်း လုံးဝရှိမှာမဟုတ်တာကတော့ အသေအချာပါပဲ။ Hatsune Miku ရဲ့ သီချင်းတွေ၊ ဂိမ်းတွေ၊ အရုပ်တွေကို ဝယ်ရင် ရတဲ့အမြတ်က Miku ကိုယ်တိုင်ရမှာ မဟုတ်ဘဲ Crypton နှင့် SEGA တို့လို Company ကလူတွေက ရသွားမှာ ဖြစ်ပါတယ်။

Hatsune Miku နှင့် သူမ၏ ပရိသတ်များ

Hatsune Miku မှာ ပရိသတ် ပုံစံမျိုးစုံရှိတာ တွေ့ရမှာဖြစ်ပြီး ကိုယ်တိုင်သီချင်းရေးသူ၊ သီချင်းတွေကို MMD လိုမျိုး program တွေအသုံးပြုပြီး PV တွေဖန်တီးသူ၊ Miku သီချင်းနှင့် အရုပ်များကို ဝယ်ယူစုဆောင်းသူ အစရှိသဖြင့် မြင်တွေ့ရမှာပါ။ Polyvinyl chloride (PVC) အသားဖြင့် ပြုလုပ်ထားတဲ့ Miku ရဲ့ figure တွေကလည်း $50 မှ $200 နီးပါးတန်ဖိုးရှိကြပြီး အမာခံ ပရိသတ်အများစုကတော့ Hatsune Miku figures ၊ ဂိမ်းနှင့် concert ticet တွေအတွက် ဒေါ်လာထောင်နှင့်ချီ အကုန်အကျခံပြီး အားပေးကျတာကို တွေ့ရပါတယ်။ Hatsune Miku ဟာ ပုံမှန်ဂီတပရိသတ်အတွက် ထူးဆန်းနေပေမဲ့ Anime နှင့် ဂိမ်းဇာတ်ကောင်တွေကိုပဲ အဓိကနှစ်သက်တဲ့ Otaku ပရိသတ်အတွက်ကတော့ Hatsune Miku ထက် ပိုမိုပြည့် စုံတဲ့ ဇာတ်ကောင်ရှိတော့မှာ မဟုတ်ပါဘူး။ ဒါတောင် Japan နိုင်ငံတွင်းက ကျောင်းအချို့မှာ လူသားအဆိုတော် မဟုတ်တဲ့ Vocaloid တွေရဲ့ သီချင်းတွေကို ကလေးများနားမထောင်ရန် ပိတ်ထားကြောင်း သိရပါတယ်။


August လ 30 ရက်နေ့မှာ PSVita အတွက် ထွက်ရှိမဲ့ Project Diva F Rhythm ဂိမ်းမှာ Hatsune Miku နှင့်ဓာတ်ပုံတွေ Video တွေ တွဲရိုက်နိုင်မည့် Augumented Reality (AR) function ပါဝင်တဲ့အတွက်ကြောင့် PSVita ရှိပြီးသာသူတွေကလည်း ဂိမ်းခွေဝယ်ဖို့၊ PSVita မရှိသေးသူတွေကလည်း ဂိမ်းစက်ကော ဂိမ်းခွေပါတွဲဝယ်ဖို့ အသင့်ပြင်နေကြပြီဖြစ်သလို Hatsune Miku Vocaloid software ရဲ့ English Vocal Version ဟာလည်း မကြာခင် ထွက်လာတော့မယ်ဆိုတော့ Miku ဟာ အရင်ကထက်ပိုပြီး အောင်မြင်ကျော်ကြားဦးမယ်ဆိုတာ သေချာနေပါပြီ။

Thank you for reading!



3 comments:

Anonymous said...

Why? (Vocaloid တွေရဲ့ သီချင်းတွေကို ကလေးများနားမထောင်ရန်)

pokefreaks said...

Because it's not sung by real human :)

K said...

Best Article Ever!!!

Miku-chwan, Banzai!!! Banzai!!!